ဘ၀ဘဏ်စာကြည့်တိုက်၊ စိမ်းပြာမြေမှ ကြိုဆိုပါတယ်

4/23/12

ပြန်လာမည်။

တွင်းတောင်ရဲ့ စိမ်းပြာမြေစာမျက်နှာကို အကြောင်းကြောင်းကြောင့် ပိတ်ထားဖြစ်ခဲ့ပါတယ်။ ခုတော့ ပြန်လည်ဖွင့်ထားပြီး မကြာမီ ၀ိုင်းတော်သားများ ပြန်လည် ရေးသားဖြစ်တော့မှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

တွင်းပိုးများ

2/7/11

ဘလော့ခြင်းမှ ရပ်နားထားခြင်းအကြောင်း

လအတော်အတန်ကြာပါပြီ။ ကျွန်တော် ဘလော့မှာ ပို့စ်အသစ်မတင်ဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးကြပါတယ်။ ဘာကြောင့် ဘလော့မှာ စာမရေးဖြစ်တာလဲပေါ့။ ကျွန်တော့်မှာလည်း ရေရေရာရာတော့ ဖြေစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် မဖြစ်ညစ်ကျယ်အကြောင်းလေးတစ်ခုတော့ ပြဦးမှလို့ တွေးမိတာနဲ့ ဒီပို့စ်ကို ရေးတင်မိပါတယ်။

6/22/10

ချမ်းမြေ့တဲ့ဘ၀င် ၊ ပျော်ရွှင်တဲ့ ဘ၀ (၁)


ကြောက်စိတ်နဲ့ သောက


Wheresoever fear arises, it arises in the fool, not in the wise man.
(Buddha)

လူမိုက်တွေဆီပဲ ကြောက်စိတ်က မင်းမူချင်တိုင်း မင်းမူလို့ရပေမယ့် ပညာရှိသူတွေဆီမှာတော့ ကြောက်စိတ်က နည်းနည်းလေးမှ လွှမ်းမိုးလို့ ရမယ် မဟုတ်ဘူး၊။။

အောင်မြင့်ဖို့ပဲ ဖြစ်ဖြစ် ကျရှုံးဖို့ပဲ ဖြစ်ဖြစ် လူတိုင်းကို တုတ်နှောင်ထားတဲ့ အရာက ကြောက်စိတ်ပဲဖြစ်တယ်။ အဲဒီကြောက်စိတ်ဆိုတာလည်း လူတိုင်း (သတ္တ၀ါ)တိုင်း မွေးရာပါဗီဇစိတ်ဖြစ်ပြီး ပုထုဇဉ်ပီသတဲ့ အချင်းအရာ တစ်ခုလို့ ဆိုပါတယ်။ ဒါပေမယ့် ကြောက်စိတ်နဲ့ သောကဟာ အမြဲတမ်းပူးတွဲနေတတ်သလို လူတွေကိုလည်း အမြဲတမ်းပူးသတ်နေပြန်ပါတယ်။ ဒေါက်တာ ကေ သိရီ ကတော့ ကြောက်စိတ်အားကြီးတဲ့ လူငယ်တစ်ယောက် ဟာ သက်ကြီးရွယ်အိုတစ်ယောက်လို မသန်မစွမ်းဖြစ် သွားတတ်သလို၊ ကြောက်စိတ် အားကြီးနေတဲ့ လူကြီးတွေအဖို့ လည်း အသက်ရှင်သန်ရခြင်းဟာ တော်တော့်ကို ရှည်လျားတဲ့အရာလို့ ဆိုပါတယ်။ တကယ်တော့ ဘ၀ဆိုတာ မတည်မြဲမှုတွေ၊ ရွေ့လျားပြောင်းလဲလာမှုတွေနဲ့ အမြဲရွေ့လျား သွားလာနေတဲ့ ပန်းချီကား တစ်ချပ်သာသာပါပဲ။ ဒါပေမယ့်.. အဲဒီပြောင်းလဲနေတဲ့ ပန်ချီကားအရှင်ကြီးကို လူသားတွေက တည်မြဲနေ စေချင်တယ်။ တည်မြဲအောင် ဆွဲကိုင်ထားချင်တယ်။

6/11/10

ဖြတ်သွားဖြတ်လာ စကားလုံးများ

မိန်းမတစ်ယောက်ကို ချစ်ဖို့ ဘယ်လောက်လွယ်ပြီး၊ တွေ့ဆုံဖို့ကတော့ ဘယ်လောက်ခက်ခဲပါသလဲ။ ကျွန်တော် မသိပါ။ ကျွန်တော်သိသည်က မိန်းမများသည် အချစ်ထက် သူတို့ဘ၀လုံခြုံစိတ်ချမှုကိုပဲ အားကိုးယုံကြည်ကြ သည်ထင်ပါသည်။ ဆရာဆန်းလွင်ကတော့ ခံစားလွယ်တဲ့ နှလုံးသားနုနုက အသိဥာဏ်ရှိတဲ့ ဥဏှောက်ကို မလွှမ်းမိုးစေသင့်ဘူးမဟုတ်လားဆိုပြီး ချစ်သူ ခရစ်ယာန်ဘာသာဝင်ကောင်မလေးကို စွန့်ခဲ့ပြီး သူရှာနေသည့် ဘာသာတရားကို တွေ့ဖို့ စတေးပစ်နိုင်ခဲ့သည်။ သို့ဆိုလျင် မိန်းမတွေကကော...။ သိပ်ချစ်ပါလျက်နဲ့ ဘ၀လုံခြုံမှု အတွက်ဆိုသည့် အကြောင်းပြချက်တစ်ခုနှင့် ချစ်သူကောင်လေးတွေကို ထားခဲ့ကြတာပဲလား။ ကျွန်တော်ရေရေလည်လည် နားမလည်နိုင်သေးပါ။

5/29/10

ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ



(၁)
အခုတလော အဆိုးလောကဓံလေးတွေ တွေ့ကြုံနေရသည်မို့ စာအုပ်တွေ တော်တော်ဖတ်ဖြစ်နေသည်။ အခါတိုင်း အဆိုးလေးတွေ ကြုံလာပြီဆိုလျင် ကိုယ်ခင်မင်ရင်းနှီးသံယောဇဉ်ရှိရသူတွေကို ဖုံးဆက်ပြီး ရင်ဖွင့်စမြဲ။ အခုတော့ အခြေအနေက သည်လို မဟုတ်တော့။ သို့ဖြင့် ကိုယ်ဝါသနာပါသည့် စာအုပ်တွေဆီကပဲ စိတ်ခွန်အားယူနေမိသည်။ လောလောဆယ် ဖတ်ဖြစ်သည့်စာအုပ်လေးက ဒေါက်တာ ကေ သိရီ ဓမ္မာနန္ဒ How To Overcome Your Difficulties. ဆိုသော စာအုပ်ကလေးဖြစ်သည်။ သည်တစ်ခေါက် သည်စာအုပ်လေးကို ဖတ်ခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်သည်။ ကိုယ်က အင်္ဂလိပ်စာတော်သူမဟုတ်ပေမင့် ကိုယ့်အတွက် အင်္ဂလိပ်စာလည်း အထောက်အကူရ၊ စိတ်ခွန်အားလည်းဖြစ်အောင်ဆိုပြီး ဖတ်နေမိခြင်း ဖြစ်သည်။ စိတ်ခွန်အားဖြစ်အောင် စာအုပ်ကလေးကို ကြိုးစားဖတ်ပါမှ စာတစ်ကြောင်းကို ဖတ်မိပြီး ပျောက်ဆုံး သွားသော နိဗ္ဗာန်ဘုံကလေးတစ်ခု၊ အိပ်မက်လေးတစ်ခုကြောင့် စိတ်တွေ နောက်ကျိသွားခဲ့ရသည်။ ဖတ်မိသည့် စာကြောင်းကလေးက.. ''Marriage is a bicycle made for two." တဲ့။ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ( အိပ်မက်)ကလေး တစ်ခုက တော့ ဤသို့............။

5/25/10

မိုးသက်လေပြင်းကြောင့် စာကြည့်တိုက်အဆောက်အဦ အနည်းငယ်ပျက်စီးသွား


မေလ (၇)ရက်ခန့်က တိုက်ခတ်သွားသော မိုးသက် လေပြင်းကြောင့် ဘ၀ဘဏ်စာကြည့်တိုက်နှင့် စာဖတ် အသင်း အဆောက်အဦ အနည်းငယ်ပျက်စီးသွားပါသည်။ ထို့ပြင် စီမံကိန်းအရ ငွေသာတွင်း (တွင်းထဲ)ကျေးရွာ လူထု ပြောင်းရွေ့နေထိုင်ရန် ဆောက်လုပ်ပေးထားသည့် ရွာသစ်မှ အိမ်များ အားလုံးနီးပါးခန့် (သုံးလုံးသာကျန်) လည်း ပြိုလဲပျက်စီးသွားရာ အသစ်ပြန်လည်ဆောက်လုပ်ရန် ပြင်ဆင်နေကြပါသည်။ သို့သော် ယခုအသစ် ဆောက်ရမည့် အိမ်များအတွက် စီမံကိန်းမှ အနည်းငယ်သာ တာဝန်ယူကြောင်း သိရပါသည်။

5/21/10

သူတို့ဆီက နာမည်ကိစ္စ

နာမည်တဲ့။ နှစ်လုံးတည်း။ ဒါပေမယ့် အဲဒီ နှစ်လုံးထဲရှိတဲ့ နာမည်ကြောင့်ပဲ ကိုယ်အခုတလော စိတ်ရှုပ်စရာတွေချည်း ကြုံနေရတယ်။ ကိုယ်တို့ ရွှေပြည်ကြီးမှာတော့ နာမည်ဟာ သိပ်ရေးကြီးခွင်ကျယ် မဟုတ်ပါဘူ။ ချစ်စရာ ၀ကစ်ကစ်ကလေးတစ်ယောက်ကို ၀တုတ်လို့ ခေါ်ရင် ၀တုတ်လေးဟာ နာမည်ရင်းဖြစ်သွားတတ်သလို့ ငရုတ်သီးမှုန့်ရောင်းလို့ ဘုတ်ဆုံမလို့ အပြောင်အပျက်ခေါ်ရင်း ဘုတ်ဆုံမလို့ တွင်သွားတာတွေ ရှိပါတယ်။ ပြီးတော့ မျိုးရိုးနာမည်ဆိုတာလည်း မရှိသလောက်ပါဘဲ။ ဦးတို့ ဒေါ်တို့ မောင်တို့ မတို့ဟာ နာမည်အရင်းတွေထဲ ထည့်ရေးလို့ ရပါသလား။ မစ္စတာဆိုတဲ့နာမည် မစ္စစ်ဆိုတဲ့ နာမည်တွေကကော ကိုယ်တို့တတွေသုံးတဲ့ ဦးတို့ မောင်တို့နဲ့ ထပ်တူပဲ မဟုတ်လား။ အခုတော့ ကိုယ်က အဲဒီနာမည်ဆိုတာလေးကြောင့် ဟိုပြေးရ ဒီပြေးရနဲ့ ။

5/14/10

လက်ဖွဲ့


နှစ်ယောက်တစ်အိပ်မက်လှေတစ်စီးနဲ့

ခရီးပင်လယ်ပြင်ကို စတင်။


သူက သူမကို လက်ဖွဲ့

သူမက သူ့ကို လက်ဖွဲ့

အခြမ်းနှစ်ခြမ်းရဲ့ ပေါင်းစည်းခန်းဟာ သိပ်ကို ကဗျာဆန်ဆန်။


အိပ်မက်လှေကလေးမှာ

နားလည်မှုဘီးကလေးတစ်စီးလိုမယ်။

တစ်ခါတစ်လေ ချော့တတ်ဖို့ လေနုအေးကလေး လိုမယ်။

တစ်ခါတစ်လေအားပေးဖို့ ကြင်နာမှုတွေ လိုမယ်။

တစ်ခါတစ်လေ စိတ်အပန်းဖြေဖို့ ဂစ်တာလေး တစ်လက်လိုမယ်။

တစ်ခါတစ်လေ ခရီးသွားဖို့ စာအုပ်တွေ ဖတ်ဖို့လိုမယ်။

တစ်ခါတစ်လေ ကိုယ်စီးနေတဲ့ ဘီးကလေးကို ထိန်းဖို့ ဘာသာတရားတွေ လိုမယ်။

တစ်ခါတလေ ကြည်နူးကြဖို့ ဘီးကလေးကို စီး သီချင်းဆိုတတ်ဖို့လိုမယ်။

အိပ်မက်လှေနဲ့ ခရီးထွက်သူများခများ….


ကျေးဇူးပြု၍ ကျွန်တော့်လက်ဖွဲ့ကို ဖွင့်ဖောက်မဖတ်ကြပါနဲ့။

ခများတို့ လှေအောက်က ရေလေးတွေ နောက်ကုန်တော့မယ်။


(မီးလေး (ခ) မကေသီအောင်က အွန်လိုင်းကနေ ဆီဒိုးနားမှာ ကျင်းပမယ့် သူမရဲ့ မင်္ဂလာပွဲဖိတ်စာလေး ပို့လိုက်ပါတယ်။ ဒီကလည်း လက်ဖွဲ့ထက် ခရီးစရိတ်က ပိုများကြီးနေမလားလို့ တွေးပူမိတာနဲ့ ဒီကဗျာလေးကို လက်ဖွဲ့လိုက်တာပါ။

ဒေါက်တာဝင်းထွန်း+ မကေသီအောင် (ခ) မီးလေးတို့ ဇနီးမောင်နှံ ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းသင်းနေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ၁၅ ရက်နေ့ ညနေ (၆)နာရီမှ မင်္ဂလာအချိန်စမှာဆိုတော့ ကျွန်တော့်လက်ဖွဲ့ အချိန်မှီရောက်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း :D )

Photo bye Naythit at U Kyaw Lin + Thiri's House

5/5/10

ကိုယ်မပြောချင်တဲ့အကြောင်းများ



နိစ္စဓူဝ ပြေးလွှားနေတဲ့ ပြက္ခဒိန်တွေအကြောင်း
ကိုယ် မပြောချင်။

ကိုယ့်ဘာသာကိုယ် တူးထားတဲ့ လက်ယက်တွင်းလေး အေးတဲ့အကြောင်း
ကိုယ်မပြောချင်။

သမင်လည်ပြန်အကြည့်တွေ ခေတ်မမီတော့ဘူးလို့
ကိုယ်မပြောချင်။

နံရိုးတစ်ချောင်း အက်သွားရုံနဲ့
ဘ၀တွေက သေဆုံးသွားပြီလား။
ကိုယ်မပြောချင်။

ညီမလေးပေးထားတဲ့ ဆင်မြီးကွင်း လက်စွပ်လေးအကြောင်း
ကိုယ် မပြောချင်။

ညီမလေးဆင်ပေးထားတဲ့ ဦးဂျမ်းပုဆိုးလေးအကြောင်း
ကိုယ်မပြောချင်။

အဆက်ဟောင်းမလေးရဲ့ သစ္စာတရားတွေအကြောင်း
ကိုယ်မပြောချင်။

အဲဒီအဆက်ဟောင်းမလေးရဲ့ ညှင်းသွဲ့သွဲ့စကားလုံးတွေအကြောင်း
ကိုယ်မပြောချင်။

ကိုယ်တို့ရွာမှာ ကျင်းပမယ်ဆိုတဲ့ မဲပြာပုဆိုး ရွေးပဲအကြောင်း
ကိုယ်မပြောချင်။

ဒုက္ခရောက်လို့ ရှင်ကြီးကိုးမှ ကျားထက်ဆိုးနေသူတွေအကြောင်း
ကိုယ်မပြောချင်။

ဂလိုဘယ်လိုက်ဇ်ရွာကြီးမှာ အင်္ဂလိပ်စာမတတ်လို့ ရွားသားမဖြစ်တဲ့အကြောင်း
ကိုယ်မပြောချင်။

စကားလုံးတွေနဲ့ တည်ဆောက်နေတဲ့ ရွှေအိပ်မက်တွေအကြောင်း
ကိုယ်မပြောချင်။

သိတိုင်း မပြော၊ ရောက်တိုင်း မသွား၊ မြင်တိုင်း မကြည့်နဲ့ ဆိုတဲ့ အမေ့မှာတမ်းစကားတွေအကြောင်း
ကိုယ်မပြောချင်။

အားအားရားရား စကားလုံးတွေ ထွေးထုတ်နေတဲ့ သူတွေအကြောင်း
ကိုယ်မပြောချင်။

ကိုယ့်လိပ်ပြာ ကိုယ်ဝှက်ထားတဲ့ မိုးသားတွေအကြောင်း
ကိုယ်မပြောချင်။

အမြဲတမ်းသတိရနေတဲ့ အကို့ရဲ့ ညီမလေးဆိုတဲ့ စာကလေးတစ်စောင်အကြောင်း
ကိုယ်မပြောချင်။

ကမ္ဘာကြီး ပြားတယ်ဆိုတဲ့ အကြောင်း
ကိုယ်မပြောချင်။

ဘာကြောင့် မပြောချင်တာလဲဆိုတဲ့ အကြောင်းတွေကိုလည်း
ဘယ်သူ့မှ ကိုယ်မပြောချင်။

4/22/10

တစ်နှစ်စာ အလွမ်းများ


(၁)

တကယ်ဆိုမေ့ပစ်လိုက် နာကျင်ခြင်းတွေ မေ့ထားလိုက်၊ အမျှော်လင့်ဆုံးကလေးရေ....
ဟန်ထွန်းရဲ့ သီချင်းသံလေးက သူ့ရင်ဘတ်တစ်ခုလုံးကို ဆွဲဖြစ်ညှစ်လိုက်သလို ခံစားလိုက်ရသည်။ အရင်တုန်းကဆို အားအားရှိတိုင်း သည်သီချင်းသံလေးကို အမြဲနားထောင်ဖြစ်သည်။ အခုတော့ အလုပ်က ဇိမ်ပြေနပြေထိုင်လုပ်ရသည့် အလုပ်မဟုတ်တော့ ကိုယ်လည်း တစ်နေ့တစ်ခေါက် ၊ ဒါမှမဟုတ် နှစ်ရက်သုံးရက်မှ တစ်ခါသာ နားထောင်ဖြစ်သည်။ သည်နေတော့.... ဟုတ်သည်၊ သည်နေ့။ ဧပြီ (၂၄)ရက်နေ့ရဲ့ မိုးဖွဲဖွဲညလေးတစ်ခုတွင် သည်သီချင်းကို ကောင်မလေးတစ်ယောက်ဆီမှ လက်ခံခဲ့ရသည်။ ပြီးတော့ သည်နေ့သည် ကိုရွှေအမေရိကားသို့ သွားရမည့်နေ့ဖြစ်သည်။ ဆိုတော့ အရင်ဇာတ်လမ်းသီချင်းလေးက သူ့ ကို အရင်ကဇာတ်လမ်းတွေကို မေ့ခိုင်းနေသည်။ သူ သည်တစ်နှစ်တာလုံးလုံး မေ့ထားနိုင်ခဲ့ပြီလား။ မေ့ရက်ခဲ့ပြီလား။ မေ့ဖို့ရော ကြိုးစားမိခဲ့ပြီလား။ သည်နေ့ညမှာပင် အဲဒီအရင်ကဇာတ်လမ်းလေးနှင့် အလွမ်းတွေ၊ သင်္ခန်းစာတွေကို ဥဏှောက်နှင့်ရော နှလုံးသားနှင့်ပါ နုတ်ထုတ်နေမိသည်။

http://h1.ripway.com/twinpoe/favicon.ico